ထိုင်းတောင်ပိုင်းမှာ ကျောင်းဖွင့်ပြီ


မေ ၁၈

ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိနေကြသည့် မြန်မာရွေ့ပြောင်း အလုပ်သမားများ၏ သားသမီးများတွက်၊ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငအခြေစိုက် အခြေခံလူထု လူ့အခွင့်အရေး ပညာပေးဌာန GHRE အဖွဲ့က ဆဋ္ဌမမြောက် ပညာသင်နှစ်အဖြစ် ယမန်နေ့ က စတင်ဖွင့်လှစ်လိုက်သည်။

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရာဘာခြံ၊ ငါးဖမ်း၊ ပန်းရံ၊ ဘန်ဂလို၊ အိမ်ဖေါ်နှင့် အခြားလုပ်ငန်းပေါင်းစုံတို့တွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများ၏ သားသမီးငယ်များ ပညာရေးအတွက် ရည်ရွယ်ပြီး ဆူနာမီ ဖြစ်ပွားပြီး၊ ပြီးခဲ့သည့် ၂၀၀၅ခုနှစ် ဂျွန်လတွင် စာသင်ကျောင်း ၃ကျောင်းဖြင့် စတင်ခဲ့သည်။

ယမန်နေ့ ကျောင်းဖွင့်ပွဲနှင့် ပါတ်သက်၍ အခြေခံလူထု လူ့ အခွင့်အရေးပညာပေးဌာန GHRE မှ ပညာရေး တာဝန်ခံ ဦးမင်းသိန်းကျော်က “မနေ့က ကျောင်းပေါင်း ၁၀ကျောင်း ဖွင့်ပါတယ်။ ကျောင်းလာအပ်တဲ့ ကျောင်းသူ၊ ကျောင်းသား လေးရာရှစ်ဆယ်တစ်ယောက် ရှိပါတယ်၊ ကျနော်တို့ကျောင်းမှာ နိုင်ငံခြား ဘော်လံတီယာ ဆရာတွေ၊ ထိုင်းဆရာမတွေ၊ ပြီးတော့ မြန်မာနိင်ငံက ရောက်လာကြတဲ့ဘွဲ့ ရ၊ ဘွဲ့လွန်ဆရာ၊ ဆရာမ စုစုပေါင်း ၄၀ ၀န်းကျင်နဲ့ သင်ကြားပေးပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် လူငယ်သိပံ္ပကျောင်းကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ကျနော်တို့က သြစတေးလျှားက ပညာရေး ဒေါက်တာတစ်ယောက်ရဲ့ အကြံညဏ်ကို ရယူပြီးတော့ ကျနော်တို့ ညှိနှိုင်းပြီးတော့ သင်ရိုးချကြပါတယ်။ မြန်မာပြည်မှာလို အလွတ်ကျက် ပညာသင်ကြားနည်းကိုတော့ ကျနော်တို့  မသုံးဘူး၊ ကလေးတွေ လွတ်လပ်စွာ တွေးတော ကြံဆနိုင်တဲ့ နည်းဖြစ်ပါတယ်”ဟု ပြောသည်။

အိမ်စာပေးခြင်းမျိုးကို အထူးရှောင်ရှားပြီး၊ သင်ကြားလိုသမျှကို စာသင်ခန်းတွင် ပြီးမြောက်အောင် သင်ကြားပေးလိုက်သည်။ အကြောက်တရားကင်းစင်ပြီး ပြောရဲဆိုရဲရှိသော ကလေးများဖြစ်အောင် လေ့ကျင့် သင်ကြားပေးသည်။ ကလေးများအားလုံးတွင် မတော်သကဲ့သို့ အားလုံးတွင်လည်း မညံ့နိုင်ကြောင်း၊ ကလေးများမှာ တစ်နေကုန်စာသင်ပြီး အိမ်ကိုရောက်သည့်အခါ နွေးထွေးသည့် မိသားစုနေထိုင်နိုင်သည့် အချိန်တွင် လွတ်လပ်ပေါ့ပါးစွာ နေထိုင်သင့်ကြောင်း ကလေးများကို ကိုယ်ပိုင်ချိန်ပေးသင့်ကြောင်း ဦးမင်းသိန်းကျော်က ရှင်းပြသည်။

ဖန်ငဒေသတွင် ဆူနာမိငလျှင်ဖြစ်ပွားပြီနောက်ပိုင်း ဒေသတွင်း မိဘမဲ့ကလေးများ အပါအ၀င် အခြားရွေ့ ပြောင်း အလုပ်သမားများ၏ သားသမီးငယ်များ ပညာရေးလိုအပ်ချက်အတွက် စတင်ဖွင့်လှစ်ခဲ့သည့် ပညာရေး အစီအစဉ်အတွက် ကြုံခဲ့ရသည့် အခက်အခဲအချို့ အား အခြေခံလူထု လူ့ အခွင့်အရေးပညာပေးဌာန GHRE အဖွဲ့မှ ဒါရိုက်တာဦးထူးချစ်က “အစပိုင်းတုန်းက ဒေသခံ ထိုင်းလူမျိုးတွေ အမြင်မကြည်တာကို ကျနော်တို့ အရင်ကြိုးစားခဲ့ရတယ်၊ လုံခြုံရေးကအစပေါ့၊ ခုတော့ကျနော်တို့ ကိုယ်ပိုင် မြေ၀ယ်ပြီး ကျောင်းတွေ ဆောက်နိုင်ခဲ့ပါပြီ၊ နိုင်ငံတကာ စီးပွားရေးကျပ်တည်းမှုကြောင့် ရံပုံငွေ အခက်အခဲ အနည်းငယ်တော့ရှိပါတယ်။ ပြီးခဲ့နှစ်နဲ့ ဒီနှစ်မှာ ကျနော်တို့ ဆီကနေ ထိုင်းကျောင်းကို ကျောင်းသားတစ်ရာကျော် ပို့ပေးနိုင်ခဲ့ပါတယ်။ တစ်နှစ်မှာ ကျောင်းသားခြောက်ရာကျော် ခုနှစ်ရာကျော်ထိ သင်ကြားပေးနိုင်ပါတယ်။ ကျနော်တို့အဖွဲ့က ကလေးတွေပညာရေးကိစ္စ တစ်ခုတည်းမဟုတ်ပဲ၊ ကလေးမိဘတွေရဲ့ အလုပ်သမားအခွင့်အရေးကိစ္စ၊ အလုပ်အကိုင်ရှာဖွေရေးကိစ္စ၊ ကျမ္မာရေးကိစ္စ အပါအ၀င် အခြားကဏ္ဍ အတော်များများကိုပါ ကူညီဆောင်ရွက်ပေးတာကြောင့် မြန်မာရွေ့ပြောင်း အလုပ်သမားတွေအတွက် အထူးကောင်းမွန်ပါတယ်။ လူထုရဲ့အားကို ကျနော်ယုံပါတယ်။ ကျနော်တို့  အခက်အခဲကြုံနေရချိန်မှာ သူတို့ တွေကလည်း အလှူငွေအချို့  ထည့်ဝင်ကြပါတယ်”ဟု ပြောသည်။

ယခုအခါ ထိုင်းအစိုးရ ပညာရေးဋ္ဌာန(ဖန်င)က တရားဝင် အသိအမှတ်ပြုထားခြင်း ခံရပြီးဖြစ်သည်။ ယခုနှစ်တွင်အဖွဲ့ အစည်းပိုင် ၀ယ်ယူထားသည့် မြေပေါ်တွင် အနည်းဆုံး ကျောင်းသူ/ကျောင်းသား ၃၀၀ ကျော်ဆန့်သည့် အမျိုးသမီး၊ အမျိုးသားဆောင်များအဖြစ် ကျောင်းအိပ်၊ ကျောင်းစား အဆောက်ဦးတစ်ခု ဆောက်မည်ဖြစ်ကြောင်း ဒါရိုက်တာဦးထူးချစ်က ပြောသည်။

အဆိုပါပညာရေး အစီအစဉ်တွင် ၄နှစ်တိုင်တိုင် ကျောင်းတက်နေသည့် စတုတ္ထတန်း အသက် ၁၃နှစ်အရွယ် မအိအိမိုး၏ မိခင် မလှမြင့်က “သမီးလေး အခုလို ကျောင်းတက်ခွင့်ရနေတာကို ၀မ်းလည်းသာပါတယ်။ အခြေခံလူထု လူ့အခွင့်အရေးပညာပေးဌာန GHRE အဖွဲ့ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ဗမာပြည်မှာဆိုရင် ကျမတို့ ဘယ်ကျောင်းထားနိုင်မလဲ၊ ခု သမီးလေးက မိဘတွေလုပ်တဲ့ အလုပ်ကိုလည်း ၀င်ကူပြီးလုပ်တယ်။ ကျောင်းအကြိုအပို့အတွက် ကားခ တစ်လကို ဘတ်၃၀၀ ပဲ ပေးရပါတယ်။ ဘာစရိတ်မှမရှိဘူး၊ ဗမာပြည်မှာဆိုရင် ဘာစ၇ိတ်၊ ညာစရိတ်ဆိုပြီး တောက်လျှောက်ကောက်နေတာ။ ဒီမှာ ကလေးတွေ ပေါ့ပေါ့ပါးပါးနဲ့  ပညာသင်နေရသလို ကျမတို့ ကျောင်းသားမိဘတွေမှာလည်း ဘာဝန်ထုတ်ဝန်ပိုးမှ မရှိဘူးရှင့်”ဟု ပြောသည်။ ဦးအေးကိုနှင့် မလှမြင့်တို့ ဇနီးမောင်နှံ၂ဦးစလုံးမှာ ဖန်ငခရိုင် အတွင်း ရာဘာခြံတစ်ခုတွင် အလုပ်လုပ်နေသည့် အလုပ်သမားများဖြစ်ကြပြီး ရန်ကုန်ဇာတိများဖြစ်သည်။

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငနှင့် အနီးပတ်ဝန်းကျင်ရှိ မွန်နှင့်ထားဝယ် တိုင်းရင်းသား အလုပ်သမားအချို့ မှာ နေရပ်ရင်းမှ သားသမီးများကို ပါခေါ်ယူပြီး မိသားစုအတူနေထိုင်ပြီး ကလေးများကို ပညာသင်ပေးခြင်းလည်း ရှိကြောင်းသိရှိရသည်။

ကိုကျော်သောင်းမှ ပေးပို့ပါသည်။

This entry was posted in သတင်း, Burmese pages only. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s