ဒီမိုကရေစီပြောင်းလဲရေးကာလတွင် ဆရာ/ဆရာမများကြုံတွေ့ရသည် အခက်အခဲများ

(ချက်နိုင်ငံပညာရေး ပြုပြင်ပြောင်းလဲမှုအတွေ့အကြုံ)

ဒေါက်တာသိန်းလွင် – ချင်းမိုင်

Sunday, December 20, 2009

ချက်နိုင်ငံ ပရာဟာမြို့အခြေစိုက် နိုင်ငံတကာ ကူညီရေးအဖွဲ့ဖြစ်သည့် People in Need ၏ ဖိတ်ကြားချက်အရ ကျွန်တော်သည် ၂၀၀၉ ခုနှစ် နိုဝင်ဘာလအတွင်းက ချက်နိုင်ငံပညာရေး ပြုပြင် ပြောင်းလဲမှု အတွေ့အကြုံများကို သွားရောက်လေ့လာခွင့် ရခဲ့ပါသည်။ ဤဆောင်းပါးတွင် ပညာရေး ပြုပြင်ပြောင်းလဲမှုများ၌ ဆရာ၊ ဆရာမများ၏ အရေးပါသော အခန်းကဏ္ဍနှင့် တွေ့ကြုံရသည့် အခတ် အခဲ များကို ရေးသားဖော်ပြထားပါသည်။

ချက်ကိုစလိုဗက်နိုင်ငံတွင် ၁၉၈၉-ခုနှစ်၌ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ပြီးနောက် ချက်သမ္မတ နိုင်ငံနှင့် ချက်ကိုစလိုဗက် သမ္မတ နိုင်ငံများအဖြစ် တည်ထောင်ခဲ့ကြပါတယ်။ ချက်ကိုစလိုဗက်နိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုသည် သွေးထွက်သံယိုမှုမရှိသော ညင်သာသည့် ပြုပြင်ပြောင်းလဲမှု ဖြစ်ပါသည်။ “ကတ္တီပါတော်လှန်ရေး” ဟု တင်စားခေါ်ဝေါ်ကြပါသည်။ ချက်ကိုစလိုဗက် ကွန်မြူနစ် အစိုးရ အုပ်ချုပ်နေစဉ် ကာလအတွင်း ဒီမိုကရေစီပြောင်းလဲရေး လှုပ်ရှားမှုသည် ၁၉၇၇-ခုနှစ် ဇန်နဝါရီလ၌ ထုတ်ဝေခဲ့သည့် “ချာတာ-၇၇” ကြော်ငြာစာတမ်းဖြင့် ထင်ရှားလာခဲ့ပါသည်။ တက္ကသိုလ်ကျောင်းသားများ စာပေအနုပညာနှင့် ဂီတပညာရှင်များ တက်တက်ကြွကြွ ပါဝင်ခဲ့ကြပြီး အစိုးရအဖွဲ့အတွင်းမှ နိုင်ငံရေးပြုပြင်ပြောင်းလဲရန် လိုလားသူများနှင့် ပူးပေါင်း၍ ကွန်မြူနစ် အာဏာရှင် စနစ်မှ ဒီမိုကရေစီစနစ်ဆီသို့ အောင်မြင်စွာကူးပြောင်းနိုင်ခဲ့ကြပါသည်။

နိုင်ငံရေးစနစ် ပြောင်းလဲလာသည်နှင့် တပြိုင်နက် ပညာရေးအဏ္ဍတွင်လည်း ဒီမိုကရေစီ ပညာရေး စနစ်သို့ ပြောင်းလဲခဲ့ပါသည်။ ပညာရေး စီမံခန့်ခွဲမှုတွင် ဗဟိုမှချုပ်ကိုင်မှုကို လျှော့ချ၍ ကျောင်းများ၏ တာဝန်ရှိမှု ပိုများလာပါသည်။ သင်ရိုးညွှန်းတမ်း ပြုပြင် ပြောင်းလဲမှုတွင် ဗဟိုပညာရေးဌာနမှ ရေးဆွဲအတည်ပြုထားသည့် သင်ရိုးညွှန်းတမ်းလမ်းညွှန်ကို အခြေခံ၍ ကျောင်းအသီးသီးမှ ဆရာ၊ ဆရာမများကိုယ်တိုင် သင့်တော်ရာနည်းစနစ်ဖြင့် သင်ကြားခွင့်ရှိပါသည်။ ပညာရေးဌာနမှ ဆရာ၊ ဆရာမများအတွက် သင်တန်းများ ဖွင့်လှစ်ပေးပါသည်။

ပညာရေးပြုပြင်ပြောင်းလဲမှုတွင် “အခတ်ခဲဆုံးအရာကဘာလဲ” ဟု ဦးဆောင်ပါဝင်ခဲ့သူတဦးကို ကျနော် မေးကြည့်ပါသည်။ “လူတဦးနှင့် တဦး ဆက်ဆံရတာ အခတ်အခဲဆုံးပဲ” ဟုပြောပါသည်။ ယခင် အစိုးရအဖွဲ့ဟောင်းတွင် ပါဝင်ခဲ့ကြသော ဆရာ၊ ဆရာမများနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွင် တက်ကြွစွာပါဝင်ခဲ့သော ဆရာ၊ ဆရာမများအကြား ဆက်ဆံရေး မပြေမလည် ရှိကြသည်။ စနစ်သစ်သမားက၊ စနစ်ဟောင်းသမားများကို ဝေဖန်လေ့ရှိသဖြင့် ပြုပြင်ပြောင်းလဲမှုတွင် စနစ်ဟောင်းနှင့် နီးစပ်ခဲ့သည့် ဆရာ၊ ဆရာမများပါဝင်ရန် နောက်တွန့်ပါသည်။ တစ်ဖက်ကလည်း အလုပ်ပြုတ်မှာ စိုးရိမ်သဖြင့် အလုပ်တွင် ပျော်ရွှင်မှုနည်းလာပါသည်။

“နောက်ထပ်အခတ်အခဲတွေ ကောဘာတွေရှိသလဲ” ဟု ကျွန်တော်မေးကြည့်ပါသည်။ စနစ်တခုမှ အခြားစနစ်တခုသို့ ပြောင်းလဲရာတွင် ဆရာ၊ ဆရာမများ၏ စနစ်သစ်ပေါ် သဘောထားအမြင် (Perception) နှင့် စနစ်သစ်အတွက်လိုအပ်သော ကျွမ်းကျင်မှုများ (Skills) မှာလည်း ခတ်ခဲသည့် အရာများဖြစ်ပါသည်။ အာဏာရှင်ကြီးစိုးခဲ့သည့် ခေတ်ကာလတွင် ဖြတ်သန်းကြီးပြင်း လာရသည့်အတွက် ဆရာ၊ ဆရာမများကိုယ်တိုင် အာဏာရှင်များ၏ စရိုက်လက္ခဏာများ စိမ့်ဝင်နေ ကြပါသည်။ ဒီမိုကရေစီစနစ်၏ အခြေခံကျလှသည့် တဦးနှင့်တဦး သဘောထားအမြင်ကွဲပြားမှုကို နားလည်နိုင်စွမ်း မရှိကြသေးပါ။ စနစ်သစ်အတွက် လိုအပ်သော ကျွမ်းကျင်မှု များကို ပေးရန် တာဝန်ရှိသူများက သင်တန်းများ စီစဉ်သော်လည်း လုံလောက်မှုမရှိသေးပါ။ စနစ် အပြောင်း အလဲတွင် အလုပ်တာဝန် ပိုများလာသဖြင့် ဆရာ၊ ဆရာမများကိုယ်တိုင် သင်တန်းတက်ရန် အချိန် မပေးနိုင်ကြပါ။ စိတ်ဝင်စားစရာကောင်းသည့် အချက်တခုမှာ အသက်အရွယ်ရ၍ အတွေ့အကြုံ များသော ဆရာ၊ ဆရာမများက ငယ်ရွယ်သည့် ဆရာ၊ ဆရာမအသစ်များနှင့် အတူ သင်တန်းမတက် ချင်ကြပါ။
ချက်နိုင်ငံ စာသင်ကျောင်းတွင် ဆရာ၊ ဆရာများ လတ်တလောရင်ဆိုင်နေရသည့် အခတ်အခဲ တစ်ခုမှာ ဆရာနှင့်ကျောင်းသား ဆက်ဆံ ရေးဖြစ်ပါသည်။ အသက် ၂၀ ထက် ငယ်သော ကျောင်းသားများသည် ဒီမိုကရေစီ ခေတ်ကာလတွင် မွေးဖွားကြီးပြင်း လာကြသူများ ဖြစ်၍ ဒီမိုကရေစီ အလေ့အထများ အလိုလျှောက် ပါဝင်လာကြပါသည်။ ဆရာ၊ ဆရာမများကို မေးခွန်း ထုတ်ခြင်း ကျောင်းသား အချင်းချင်းသာမက ဆရာ၊ ဆရာမနှင့်ပါ ကွဲလွဲသောအမြင်များကို တင်ပြ လာခြင်းတို့ကြောင့် “ငါပြောတာနားထောင်” “ဒီအတိုင်းရေး” “ဒါကိုအလွတ်ကျက်” အလေ့အထကို ကျင့်သားရနေသည့် ဆရာ၊ ဆရာမများ အခတ်ကြုံနေရပါသည်။

သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် ဆရာ၊ ဆရာမများကိုယ်တိုင် ပါဝင်ရမည်ဆိုသောအခါတွင် အဆင်သင့် မဖြစ်ကြပါ။ နိုင်ငံရေးစနစ် ပြောင်းသွားပြီးဖြစ်၍ ပညာရေးစနစ်သစ်တခုကို တစုံတယောက်က ယူဆောင်လာလိမ့်မည်ဟု မျှော်လင့်နေကြပါသည်။ ကိုယ်တိုင် ပါဝင်၍ အသစ်ဖန်တီးရန်အရေးတွင် နှောင့်နှေးနေကြပါသည်။ ဒီမိုကရေစီစနစ်အောက်တွင် သင်ကြားမှုနှင့် သင်ယူမှုပုံစံများလည်း သိသိသာသာပြောင်းလဲသွားပါသည်။ ယခင်စနစ်ဟောင်းတွင် ဆရာက သူသိသမျှ တပည့်ကို နှုတ်တိုက်အာဂုံရရန် သင်ပေးခဲ့ကြ ပါသည်။ စနစ်သစ်က ကျောင်းသား ကိုယ်တိုင် လေ့လာသင်ယူနိုင်ရန် ဆရာက စီစဉ်ညွှန်ကြားရပါသည်။ ဆရာ၏ အဆင့်နေရာနှင့် သင်ကြားမှုပုံစံမပြောင်းလဲနိုင်ပါက စာသင်ခန်းတွင်အခတ်ကြုံရပါမည်။

ကျောင်းသားမျာ၏ တတ်မြောက်မှုကို တိုင်းတာသည့် စာမေးပွဲစနစ်လည်းပြောင်းပါသည်။ ယခင် စနစ်ဟောင်းမှ စစ်ဆေးသည့် စနစ်သည် သင်ထားသမျှစာတွေ ဘယ်လောက်မှတ်မိသလဲ ဆိုတာကိုသာ အဓိကထားစစ်ပါသည်။ စနစ်သစ်၏ စစ်ဆေးမှုသည် မှတ်မိခြင်းကို စစ်ဆေးခြင်း မဟုတ်ပါ ဘယ်လောက်နားလည်သလဲ ဆိုတာကို စစ်ပါသည်။ သင်ယူမှုတွင် ဘယ်လိုပါဝင်သလဲ ဆိုတာနှင့် ဘယ်လို စဉ်းစားတွေးခေါ်သလဲ ဆိုတာကိုစစ်ပါသည်။ ချက်နိုင်ငံမှ ဆရာ၊ ဆရာမများ စစ်ဆေးသည့်နည်း စနစ်သစ်အတွက် အဆင်သင့်မဖြစ်ကြပါ။ ပုဂ္ဂလိကတည်ထောင်သည့် စစ်ဆေးရေး ဌာနများက ထာဝန်ယူစစ်ဆေးမှုများ ပြုလုပ်ပေးရပါသည်။

ကျောင်းသားမိဘတိုင်းကလည်း ပညာရေးစနစ်ပြောင်းလဲမှုကို နားမလည်ကြပါ။ မိမိကလေး ကျောင်းမှ ပြန်လာလျှင် စာဘယ်လောက် ရွတ်ဆို နိုင်သလဲဆိုတာကိုသာ အာရုံစိုက်နေသေးသဖြင့် ကျောင်းသားကိုယ်တိုင် အားထုတ်လေ့လာရမည်ဆိုသည်ကို သဘောမပေါက် ပါ။ ဆရာက သင်မပေးရကောင်းလားဟု ဆရာ၊ ဆရာမများကို အပြစ်ဖို့ကြပါသည်။

ပညာရေးစနစ် အပြောင်းအလဲတွင် ဆရာ၊ ဆရာမနှင့် မိဘများဘက်ကသာ အားနည်းနေသည် မဟုတ်ပါ။ စီမံခန့်ခွဲသည့် အစိုးရဘတ်ကလည်း အားနည်းပါသည်။ စီးပွားရေး၊ ဘဏ္ဍရေး၊ လုံခြုံရေး နိုင်ငံတကာ ဆက်ဆံရေးစသည်တို့တွင် အချိန်ပေးရသဖြင့် ပညာရေးကိုအနည်းငယ်မျှသာ အာရုံစိုက်နိုင်ပါသည်။ ကျနော်တွေ့ဆုံခဲ့ရသည့် ပညာရေးသမားများက ဘဏ္ဍငွေ မလုံ လောက်ကြောင်း တညီတညွတ်တည်းပြောပါသည်။ နိုင်ငံရေးစနစ်ပြောင်းပြီးနောက် ဆရာ၊ ဆရာမများလစာ အထိုက်အလျောက်တိုးလာသော်လည်း အခြားအသက်မွေးဝမ်းကြောင်း အလုပ်များ နှင့် နှိုင်းစာလျှင် ဆရာ၊ ဆရာမများလစာမှာ နည်းနေဆဲပင်ဖြစ်သည်။ ပိုဆိုးသည်မှာ အမျိုးသမီး ဆရာမများ၏ လစာမှာ အမျိုးသားဆရာများထက် နည်းနေသဖြင့် ဝေဖန်ထောက်ပြမှုများကို အစိုးရရင်ဆိုင်နေရပါသည်။

ဗဟိုအစိုးရကချမှတ်သည့် ပညာရေးမူဝါဒများသည် ဒီမိုကရေစီနည်းကျ ပညာရေးပြူပြင် ပြောင်းလဲမှုကို အခြေခံသော်လည်း ဟာကွက် များရှိနေကြောင်း ပညာရှင်များက ဝေဖန်ထောက်ပြ ကြပါသည်။ အထူးသဖြင့် ချက်နိုင်ငံတွင် နေထိုင်သည့် အခြားလူမျိုးများ (ဥပမာ- ဂျာမန်၊ ပိုလန်၊ စလိုဗက်၊ အစရှိသည့် အခြားဘာသာပြောဆိုသည့် လူနည်းစုများ) ၏ ဘာသာစကား၊ ဓလေ့ထုံစံ ယဉ်ကျေးမှုများ အတွက် စဉ်းစားလုပ်ဆောင်မှု အားနည်းပါသည်။ ခန္ဓာကိုယ်တည်ဆောက်မှု ချွတ်ယွင်းသောကလေးများနှင့် ဆင်းရဲ၍ ပညာအခြေခံ နည်းသောမိဘများမှ ပေါက်ဖွားလာသော ကလေးများ၏ ပညာရေးအတွက်လည်း ဆောင်ရွက်ချက်များ အားနည်းလျက်ပင်ရှိပါသည်။

ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုတွင် ဆရာ၊ ဆရာမများသည် အရေးကြီးသော အခန်းဏ္ဍများမှ ပါဝင်နေသည်ဖြစ်၍ မြန်မာနိုင်ငံ ဒီမိုကရေစီပညာရေး ပြုပြင်ပြောင်းလဲမှုကို ပိုမိုထိရောက် မြန်ဆန်စေရန်အတွက် မြန်မာနိုင်ငံဒေသအသီးသီးမှ ဆရာ၊ ဆရာမများ အဆင်သင့်ရှိကြစေရန် ဤဆောင်းပါးဖြင့် အကြံပြုအပ်ပါသည်။

အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာတွင် နိုင်ငံရေးစနစ် ပြောင်းသွားရုံမျှဖြင့် မလုံလောက်ပါ။ အာဏာရှင် စနစ်အောက် တွင် နိုင်ငံ (State) ၏ ရည်မှန်းချက်သည် အဓိကကျပြီး လူတစ်ဦးချင်း၏ အခန်းကဏ္ဍက နိုင်ငံ၏အရေးပါမှု အောက်တွင် ချေဖျက်ခံရပါသည်။ ဒီမိုကရေစီ စနစ်တွင် နိုင်ငံသားတဦးချင်း၏ ပါဝင်မှုကဏ္ဍသည် ကြီးမားလာပါသည်။ လူတဦးချင်း (Individual) ၏ ပါဝင်မှုနှင့် အဆုံးအဖြတ်သည် အရေးပါလာသည်နှင့်အမျှ တဦးချင်း၏ အမြင်သဘောထားနှင့် ကျွမ်းကျင်မှုသည် အရေးကြီးသော လိုအပ်ချက်များ ဖြစ်လာပါသည်။ ပညာရေးဏ္ဍတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၏ တဦးချင်းပါဝင်မှုနှင့် အဆုံးအဖြတ်သည် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးတွက် အလွန်အရေးကြီးသော အချက်များဖြစ်ပါသည်။ ပညာရေးပြုပြင်ပြောင်းလဲမှု ကာလအတွက် ဒီမိုကရေစီအလေ့အကျင့်များကို စာသင်ခန်းများတွင် ကျင့်သုံးရန်နှင့် စနစ်သစ် အတွက် ကျွမ်းကျင်မှုများကို စာသင်ခန်းများအတွင်း ကျင့်သုံးရန်နှင့် စနစ်သစ်အတွက် ကျွမ်းကျင်မှုများကို လေ့လာဆည်းပူးကြရန် ဆရာ၊ ဆရာမများကို တိုက်တွန်းအပ်ပါသည်။

ဒေါက်တာသိန်းလွင်

နိုဝင်ဘာ (၃၀) ရက် ၊ ၂၀၀၉


(၁၁ ရက် ဒီဇင်ဘာလ ၂၀၀၉ RWCT မိသားစုတွေ့ဆုံပွဲတွင် ဒေါက်တာသိန်းလွင် တင်ပြခဲ့သော ဆောင်းပါးကို ပြန်လည်တင်ပြခြင်း ဖြစ် သည်)

This entry was posted in ဆောင်းပါး, Burmese pages only. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s